Sunday, July 25, 2010

ဘ၀လက်ကျန်

သင့်အတွက် ဘဝလက်ကျန်
နေရမည့်ရက်တွေများတယ်ထင်ပြီး ရွှေနဲ့ဆက်လို့ဝယ်လို့မရနိုင်တဲ့
အချိန်နဲ့နေ့ရက် တွေကို အကျိုးမဲ့မကုန်ဆုံးစေသင့်ပါ ။ ရခဲလှသောလူ့ဘဝကို
ရထားသည့်အခိုက် ဘဝတန်ဖိုးမြင့်မားစေဖို့ သတိဖြင့်အချိန်တိုင်း
ထိန်းချုပ်ကာ မိမိသူတစ်ပါးအကျိုးများ အောင်ဆောင်ရွက်ပါဟု မွန်မြတ်သော
ဂရုဏာဖြင့် ညွှန်ပြအပ်ပါသည်။
ရောက်ဆဲအသက်            ကုန်ဆုံးပြီးရက်          (၇၅)နှစ်မတိုင်မီလက်ကျန်ရက်
၂၀                                 ၇၃၀၀                                    ၂၀၀၇၅
၂၅                                  ၉၁၂၅                                   ၁၈၂၅၀
၃၀                                 ၁၀၉၅၀                                  ၁၆၄၂၅
၃၅                                ၁၂၇၇၅                                   ၁၄၆၀၀
၄၀                                ၁၄၆၀၀                                   ၁၂၇၇၅
၄၅                                ၁၆၄၂၅                                   ၁၀၉၅၀
၅၀                                ၁၀၂၅၀                                   ၉၁၂၅
၅၅                               ၂၀၀၇၅                                    ၇၃၀၀
၆၀                               ၂၁၉၀၀                                     ၅၄၇၅
၆၅                               ၂၃၇၂၅                                     ၃၆၅၀
၇၀                              ၂၅၅၅၀                                     ၁၈၂၅
၇၅                              ၂၇၃၇၅                                       ?
မလွန်ဈေးဆန်လှူအသင်းကြီး၏ဓမ္မ
ကထိက  စစ်ကိုင်းတောင်ရိုး ရွှေကျောင်းဆရာတော်
ညွှန်ပြသည်။
. ဓမ္မဝေဒဂူ

Tuesday, July 20, 2010

မြက်ရိုင်းထဲက ကြေးရုပ်



မြက်ရိုင်းထဲတွင်

ထိုင်ဆဲ မလှုပ်၊ “ဆန်း” ကြေးရုပ်။

သမိုင်းများစွာ ဖြတ်သန်းလာတော့

“ငါ” တွေ မြက်ရိုင်း၊ နေရာတိုင်းမို့

သမိုင်းပြယုဂ်၊ ဆန်း ကြေးရုပ်ကို

ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။

ဆန်း ၏ လမ်းစဉ်၊ တို့ မမြင်တော့။

ကျေးဇူးရှင်မှန်း၊ မသိစွမ်းတော့။

ဆန်း ၏ ဂုဏ်ပုဒ်၊ ဆန်း ၏ ရုပ်ကား

တိမ်မြုပ်ခဲ့ပြီ၊ အတိတ်ဆီ..။

ဗိုလ်ချုပ်အောင်ဆန်း၊ ခင်းသောလမ်းကား

လွမ်းစရာပင်၊ အလှမ်းကွာ ခဲ့ပြီ။

ဗိုလ်ချုပ်လက်တွင်၊ စာရွက်လိပ်ထား

ကြေးဝါပြားကို၊ ရောင်းစားဖို့ရာ

ခွာခဲ့ရှာပေါ့၊ လက်မှာ စာရွက်မဲ့ခဲ့ပြီ။

ဗိုလ်ချုပ် ဟောရ၊ မောရ

သောက အများ၊ ဟောပါ့ တရား

ကျောက မကြား ဖြစ်ခဲ့ပြီ။

လွတ်လပ်ရေးကို၊ သွေးနှင့်ရင်း၍

အပ်နှင်းခဲ့ရ၊ သူ့ဘ၀ကို

မြေချ သဂြိုဟ် ခဲ့ကြပြီ။

သမိုင်းနာလဲ၊ နာမှန်း မသိ

တို့ မထိ တော့..။

တို့၏ ကိုယ်ကျိုး၊ တို့ ထုပ်ပိုးဖို့

အမျိုးသားရေး၊ တို့ မတွေးအား။

အရေးတော်ပုံ၊ တို့ မဖြုံအား

တို့ ယုံသည်ကား၊ တို့ ကောင်းစားဖို့။

အများအရေး၊ တို့ မတွေးအား

ကိုယ်ရေး ကြည့်ကာ၊ တို့ လိမ်မာဖို့

အရာရာတွင် ကိုယ်ကျိုးမြင်ကာ

မီးစင် ကြည့်၍၊ က တတ်ဖို့။

ဗိုလ်ချုပ် ကြေးရုပ်၊ မြက်ရိုင်းအုပ်လဲ

မခုတ်တော့ဘဲ၊ မျက်နှာလွှဲပြီ

နေမြဲနေကြပါစေတော့။ ။

(၁၉၉၅)ဆရာတင်မိုး၏ ကဗျာကို
၆၃ ကြိမ်မြောက် အာဇာနည်နေ့
အမှတ်တရ ပြန်လည်တင်ပြပါသည်။
. ဓမ္မဝေဒဂူ

Saturday, July 17, 2010

မိဘမေတ္တာ

ကျွန်တော်ဖတ်ပြီးအရမ်းခံစားခဲ့တဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပေါ့။ သူငယ်ချင်းတို့ လည်း ဖတ်ကြည့်စေချုင်လွန်းလို့ ပို့ပေးလိုက်ပါတယ် ခင်ဗျာ။ အရမ်းကိုကောင်းတဲ့ ဇာတ်လမ်းလေးပါ။ သနားစရာလည်းကောင်း အမှားကိုဝန်ခံရဲ တဲ့ သတ္တိကိုလည်းလေးစားခဲ့ရပါတယ်။ ဘယ်လောက်ပဲမှားမှား။ အမှားကို ၀န်ခံဖို့ဆိုရင် ဘယ်တော့ မှနောက်မကျဘူးဆိုတဲ့ သင်ခန်းစာလေးပါရတဲ့ ဖြစ်ရပ်မှန်လေးပါ။ သူငယ်ချင်းတို့လည်း ဇာတ်လမ်း ကောင်းလေးတစ်ပုဒ်မလွတ်သွားအောင် ပို့ပေးလိုက်ပါတယ် ခင်ဗျာ။
၂၀၀၂ နှစ်ကုန်ပိုင်းလောက်မှာ အီတလီနိုင်ငံက သတင်းစာအချို့မှာ ထူးဆန်းတဲ့ လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာခဲ့တယ်။ ကြော်ငြာက ဒီလိုရေးထားပါတယ်။
“၁၉၉၂ ခုနှစ် ၅လပိုင်း ၁၇ရက်နေ့မှာ ဗွိုင်လာရီ မြို့တော်လမ်းမ စီးပွားရေးရပ်ကွက် ၅ က ကားရပ်တဲ့နေရာတစ်ခုမှာလူဖြူအမျိုးသမီးတစ်ဦးကို လူမည်းတစ်ဦးက မုဒိန်းကျင့်ခဲ့တယ်။ အဲဒီနောက် အမျိုးသမီးဟာ လူမည်းသမီးလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့ခင်ပွန်းလည်း အမျိုးသမီးနဲ့အတူ လူမည်းကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ယူခဲ့တယ်။ ဒါပေမဲ့ ဒီကလေးငယ် ကံမကောင်းခဲ့ရှာဘူး။ အခုအချိန်မှာ သူဟာ သွေးကင်ဆာရောဂါကို ခံစားနေရတယ်။ သူ့အတွက် ရိုးတွင်းချဉ်ဆီ ကုသဖို့ အရေးတကြီးလိုအပ်လာ တယ်။ သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်က သူ့ဖခင်ပဲဖြစ်တယ်။ ဒါကြောင့် ဒီကြော်ငြာကို ဖတ်မိတဲ့ကာယာကံရှင်ကိုယ်တိုင် အယ်လီဇဘက်ဆေးရုံ ဒေါက်တာအင်ဒရေယာ နဲ့ ဆက်သွယ်ပါ”

ဒီလူပျောက်ကြော်ငြာက လူထုတွေကြားမှာ လှိုင်းဂယက်တစ်ခု ထသွားစေခဲ့တယ်။ လူတော်တော်များများ ဝေဖန်ကြတဲ့အကြောင်းက မုဒိန်းကျင့်ခဲ့တဲ့ လူမည်း ထွက်လာပြီး ၀န်ခံပါ့မလား? တကယ်လို့ ထွက်လာပြီးဝန်ခံရင် သူ့နာမည်ပျက်မယ်။ သူ့မိသားစု ပြိုကွဲမယ်။ တကယ်လို့ မထွက်လာဘဲ အသံတိတ်နေမယ်ဆိုရင် သူဟာ လုံးဝခွင့်မလွတ်နိုင်တဲ့ အပြစ်ကြီးတစ်ခုကိုထပ်ကျူးလွန်သူဖြစ်သွား လိမ့်မယ်။ ဒီဇာတ်လမ်းရဲ့ နိဂုံးက ဘယ်လိုအဆုံးသတ်မှာလဲ ဆိုတာကိုလူတွေက စိတ်ဝင်စားနေကြတယ်။


Friday, July 16, 2010

ဗုဒ္ဓ, သံဃာနှင့် နိုင်ငံရေး

ကာမဂုဏ်မခံစားဘဲ တရားအားထုတ်နေသော သူတို့ကို(ဗုဒ္ဓသံဃာ) သူတော်သူမြတ်များ အဖြစ် ယခုခေတ် လူတို့က အသိအမှတ်ပြုကြသော်လည်း ထိုပုဂ္ဂိုလ်တို့၏ ကျင့်စဉ်သည် ဤကမ္ဘာ၊ ဤလူ့ဘုံနှင့် အံမ၀င်၊ ခွင် မကျဘဲ သူတို့၏ ၀ါဒသည်လည်း ကြာရှည်လေးမြင့်တည်တံ့မည်ဟု လူတို့ယုံကြည်ကြ၏။ သို့ရာတွင် ဤ ယုံကြည်ချက်မှာ သမိုင်းဖြစ်ရပ်များနှင့် ဆန့်ကျင်လျက်ရှိ၏။


Thursday, July 15, 2010

ဝိရောဓိအလွန်

မိတ်ဆွေ
သင်လက်ခံသည်ဖြစ်စေ၊
လက်မခံသည် ဖြစ်စေ၊
လူရှိရင် ပဋိပက္ခရှိတယ်၊
သမုဒယရှိတယ်၊
ဓမ္မရှိတယ်၊
အဓမ္မရှိတယ်၊
ဒုက္ခရှိတယ်၊
ထီဆိုင်ရှိတယ်၊
AIDS ရှိတယ်၊
အင်တာနက်ရှိတယ်၊
အနတ္တလက္ခသုတ်ပါတဲ့
ယပ်တောင်တွေလည်းရှိတယ်၊
အူဝဲတေးသံလည်း နားဆင်နိုင်တယ်၊
သုံးဆယ့်တစ်ဘုံထဲက
သင်ကြိုက်ရာအခန်းကို တံခါးခေါက်နိုင်တယ်၊
မိတ်ဆွေ..............
တံခါးခေါက်မယ့်လက်တွေ
စင်ကြယ်ဖို့တော့........လိုလိမ့်မယ်....နော်။


မင်းမျိုး(ရေတာရှည်)
စက်တင်ဘာ ၂၀၀၉
ကလျှာမဂ္ဂဇင်းမှ
ပြန်လည်ဖော်ပြပါသည်။. ဓမ္မဝေဒဂူ

သိမ်အကြောင်း သိကောင်းစရာ (၅)

(၄) အရိပ်ကိုနိမိတ်လုပ်သောသိမ်
ဤသိမ်ကား နိမိတ်လုပ်နိုင်သော ဝတ္ထု ၈- မျိုးတွင် အပါအဝင်မဟုတ်သော တောင်ရိပ်စသော အရိပ်တို့တွင် တခုခုကို နိမိတ်လုပ်၍ သမုတ်အပ်သောသိမ်တည်း။ အရိပ်ဟူသည်မှာ တနေရာတည်း၌ တည်ရှိနေသည်မဟုတ်၊ အမြဲတမ်း ရွှေ့နေသည်ဖြစ်သောကြောင့် အရိပ်ကို နိမိတ်မလုပ်ရခြင်း ဖြစ်ဟန်တူသည်။

သိမ်အကြောင်း သိကောင်းစရာ (၄)

ကထာအမှတ် (၂)

အောင်မြင်သော ဗဒ္ဓသိမ်လက္ခဏာ

သိမ်နုတ်ပြီးနောက် သန့်ရှင်းသော မြေအပြင်ဝယ် သိမ်သမုတ်သောအခါ မိမိတို့ သမုတ်သည့်သိမ်သည် အောင်မြင်သောသိမ်ဖြစ်ရန် များစွာအရေးကြီးလေသည်။ သမုတ်သောသိမ်သည် အကြောင်းတစုံတရာကြောင့် မအောင်မြင်ပါက အကျိုးမရှိရုံမျှမဟုတ် အကျိုးမဲ့အပြစ်ပင် ဖြစ်နိုင်လေသည်။ မိမိတို့သမုတ်သော သိမ် မအောင်မြင်သည်ကို မသိပဲ အောင်မြင်သည်အထင်ဖြင့် ထိုသိမ်ပျက်၌ ရဟန်းခံမိသော ပုဂ္ဂိုလ်များလည်း ရဟန်းဖြစ်တော့မည်မဟုတ်။ ထိုအခါ သာသနာတော်ကြီးကို လွန်စွာ ထိခိုက်ပေတော့မည်။ ထို့ကြောင့် သိမ်သမုတ်သောအခါ အောင်မြင်သော သိမ်ဖြစ်ရန် များစွာ အရေးကြီးလေတော့သည်။

အောင်မြင်သော ဗဒ္ဓသိမ်၏ လက္ခဏာကို ကင်္ခါအဋ္ဌကထာ (၈၇)၌ (၁) ဧကာဒသဝိပတ္တိသီမာယေ အတိက္ကမိတွာ၊ (၂) တိဝိဓ သမ္ပတ္တိယုတ္တာ၊ (၃) နိမိတ္တေန နိမိတ္တံ သမ္ဗန္ဓိတွာ သမ္မတာဟု ၃- ပါးပြထားပေသည်။ မိမိတို့ သမုတ်မည့်သိမ်ကို အောင်မြင်သော ဗဒ္ဓသိမ် ဖြစ်စေလိုလျှင် (၁) သိမ်ပျက် ၁၁- လုံး အဖြစ်မှ လွတ်ကင်းစေရခြင်း၊ (၂) သမ္ပတ္တိ (ပြည့်စုံခြင်း) ၃- ပါးနှင့် ပြည်စုံစေရခြင်း၊ (၃) နိမိတ်ခြင်းစပ်အောင် နိမိတ်ကြား၍ သမုတ်ခြင်း။ ဤလိုအပ်ချက် ၃-ပါးနှင့် ညီညွတ်စေရမည်ဟု ဆိုလိုပေသည်။ ဤအင်္ဂါ ၃- ပါးကို ကျကျနန နားလည်အောင် ရှေးဦးစွာ အားထုတ်ရမည် ဖြစ်လေသည်။

သိမ်အကြောင်းသိကောင်းစရာ(၃)


ဘာကြောင့် သိမ်နုတ်ရသနည်း

သိမ်သမုတ်ရန် လိုအပ်သောကြောင့် သိမ်သမုတ်ကြရသည်ဖြစ်လျှင် မိမိတို့သမုတ်လိုသည့်နေရာ၌ သိမ်သမုတ်ရန်ပင် ဖြစ်သည်မဟုတ်ပါလော။ အဘယ့်ကြောင့် သိမ်မသမုတ်မီ သိမ်နုတ်ခြင်းကိစ္စကို ပြုလုပ်ကြပြန်ပါ သနည်းဟု မေးဖွယ်ရှိပြန်ပါသည်။


ဤအမေး၏အဖြေကို နားလည်နိုင်ရန် ရှေးဦးစွာ သိမ်ပျက် ၁၁- လုံးတို့တွင် အပါအဝင်ဖြစ်သော (က) စပ်၍ သမုတ်အပ်သောသိမ်နှင့် (ခ) လွှမ်းမိုး၍ သမုတ်အပ်သောသိမ်။ ဤနှစ်မျိုးကို သိရှိနားလည်ရန် လိုအပ်ပေသည်။ သိမ်သမုတ်လိုသော မြေအရပ်အတွင်း၌ သိမ်ဟောင်းတခုခုရှိနေခဲ့လျှင် အသစ်သမုတ်သည့်သိမ်မှာ မအောင်မြင်တော့ပေ။ သိမ်သစ် သမုတ်မြေအတွင်း သိမ်ဟောင်းမှာ မြေအားလုံးသော်လည်းကောင်း၊ အယုတ်ဆုံးအားဖြင့် ရဟန်း ၄- ပါး ကံပြုလောက်ရုံ အရပ်သော်လည်းကောင်း ပါရှိနေခဲ့ပြီး သိမ်သစ်သမုတ်လျှင် ထိုသိမ်ကို လွှမ်းမိုး၍ သမုတ်အပ်သောသိမ်ဟု ခေါ်သည်။ 

Saturday, July 10, 2010

နွေကြိုပွဲ


စခန်းထိပ်
ထန်းရိပ်က တဝေေ၀
လေပွေကမြူး
ဇရက်တွေ ထန်းရည်ကြိုက်ပြီထင့်
ကျွမ်းစိုက်လို့မူး။ ။

ဥသြ... ဥသြ...
ဘယ်တောကမြည်
ဘယ်ဆီကလဲ
ရိုးကမူ
ခိုဖြူ သန်းတော့
လွမ်းမျက်ရည်ဝဲ ။ ။


လွမ်းသလို
ထန်းရိပ်ညို
တဲအိုထဲ
ပုဇွန်ဆိတ် တစ်ခုန် နှစ်ခုန်နှင့်
နေညိုရည် လယ်ကွင်းဘေး
လူစုံပေါ့လေး။
မြည်းစရာ
အသီးမှာ သရက်ကင်းနဲ
ရောင်းရင်းတွေ နွေကြိုပွဲ
နွဲကြစို့လေး။ ။

3/10 july 2010 waves
မဂ္ဂဇင်းမှ နွေကြိုပွဲ ကဗျာကို
အနည်းငယ် ပြင်ဆင်၍
ပြန်လည်ဖော်ပြပါသည်။






.ဓမ္မဝေဒဂူ

Friday, July 9, 2010

သိမ်အကြောင်းသိကောင်းစရာ(၂)

သိမ်အကြောင်း သိကောင်းစရာ (၂)

ဂါမ- ဂါမသိမ်- ဂါမခေတ်


အထက်၌ပြခဲ့သော ဗဒ္ဓသိမ်၊ အဗဒ္ဓသိမ် ၂-မျိုးတို့တွင် ဗဒ္ဓသိမ်ဟူသည် ဂါမ သိမ်ပေါ်မှာ သမုတ်ရသော သိမ်ဖြစ်၏။ ထို့ကြောင့် ဗဒ္ဓသိမ်ကို လေ့လာ သောအခါ ရှေးဦးစွာ ဂါမသိမ်အကြောင်းကို နားလည်ရန် လိုအပ်ပေသည်။

ဂါမသိမ် ဟူသော စကားမှာ ဂါမသီမာဟူသော ပါဠိစကားမှလာသော စကား ဖြစ်၏။ ထို၏အနက်မှာ ရွာအပိုင်းအခြား ဖြစ်၏။ ရွာအပိုင်းအခြားဟူသည်မှာလည်း လူတို့နေရာ ရွာသက်သက် (စည်းရိုးအတွင်း) သာမက ထိုရွာပိုင်ဆိုင်ရာ ကုန်းမြေများအပါအဝင် ရွာအရပ်ကိုပင် ဤသိမ်ဆိုင်ရာ၌ ဂါမဟု လည်းကောင်း၊ ဂါမခေတ်ဟုလည်းကောင်း၊ ဂါမသိမ်ဟုလည်းကောင်းခေါ်ပေသည်။ အကျဉ်းအားဖြင့် အစိုးရ တို့က ရွာတရွာနယ်မြေဟု သတ်မှတ်ထားသော အရပ်ကို ဂါမသိမ်တခုဟု ခေါ်ဆိုရသည်။

ထိုဂါမသိမ်အတွင်းရှိ မြစ်၊ ဆားငန်ချောင်း၊ ဇာတဿရ (အလိုလိုဖြစ်သော) အိုင်တို့ကိုကား ဂါမသီမာဟူသောပုဒ်၏ တိုက်ရိုက် အနက်မှာ ရွာအပိုင်းအခြားဖြစ်သော်လည်း ဤအရာ၌ ဆိုခဲ့ပြီး ရွာအပိုင်းအခြားသာမကပဲ နိဂုံးအပိုင်းအခြား၊ မြို့အပိုင်းအခြားတို့ကိုလည်း ဂါမသိမ်ဟု ခေါ်ရလေသည်။

သိမ်အကြောင်းသိကောင်းစရာ(၁)

သိမ်အကြောင်း သိကောင်းစရာ (၁)


သိမ်ဟူသည် အဘယ်နည်း

သံဃာတော်များ ကံကြီးကံငယ်ပြုရာ နေရာဋ္ဌာနကို သိမ်ဟုခေါ်သည်။
သိမ် ဟူသည် ရှိသမျှ ရဟန်းတော်များ တစုတဝေးတည်း အညီအညွတ် ပေါင်းစု၍ ကံကြီးကံငယ်ဆောင်ရာ နယ်တခုအဖြစ် သီးခြားသတ်မှတ်ထားသော နေရာပင်ဖြစ်သည်။ ရဟန်းတော်တို့ခြည်းသာ ပြုလုပ်ဆောင်ရွက်ရသော ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန်သင်္ကန်းပေးခြင်းစသော ကိစ္စများကို သာသနာတော် အသုံးအနှုန်းအားဖြင့် ကံကြီးကံငယ် ဟုခေါ်၏။ ထိုကံကြီးကံငယ်တို့တွင် တခုခုကို ဆောင်ရွက်လိုသောအခါ ရဟန်းတော်တို့ သိမ်အတွင်း စုဝေးကြရသည်။ ထိုသို့စုဝေးရာ၌ တပါးနှင့်တပါး ၂-တောင့်ထွာ်ထက် မဝေးစေဘဲ ထိုင်နေစည်းဝေးခြင်းကိုပင် ကာယသာမဂ္ဂီ ပေးသည်ဟုခေါ်သည်။ ကိုယ်ဖြင့်ညီညွတ်မှု သဘောတူ ကျေနပ်မှုကို ပြသည်ဟုဆိုလိုသည်။

လောကကြီးကို အကောင်းဆုံးပေးဆပ်ပါ

နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင် ချိတ်ဆွဲထားသော ကဗျာ

ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း
သင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။

မာသာထရီဆာ။
လူအချင်းချင်း လေးစားကြပါ။ ဖေးမ ကူညီကြပါ။
အကြင်နာတရားဆိုတဲ့ သစ်ကိုင်းသာ သင်တို့နှလုံးသာမှာ ရှိပါစေ။
ပျော်ရွှင်ခြင်းငှက်ငယ် လာနားပါလိမ့်မယ်။

ပေးပို့သူ ဘလော့ခ်ဂါ အလင်းဆက်အား ကျေးဇူးတင်ပါသည်။
.ဓမ္မဝေဒဂူ

Thursday, July 8, 2010

လူတွေရဲ့ ခွန်အား


လူတွေရဲ့ ခွန်အား
တခါက ကလေးတစ်ယောက်ဟာ ကျောက်တုံးတစ်တုံးကို မ နေတယ် သူကသေးသေးလေး။ ကျောက်တုံးက အကြီးကြီး။ သူကြိုးစားတာပါပဲ ကျောက်တုံးက မရွေ့ဘူး။ သူ့အရွယ်နဲမှမျှဘဲ ကျောက်တုံးက ဘယ်ရွေ့မလဲ။ အဲဒီမှာ သူ့ကို စောင့်ကြည့်နေတဲ့ ဖခင်က မေးတယ်။ “သား..... မင်းခွန်အား အပြည့်အ၀ အားလုံးကို သုံးပြီးပြီလားတဲ့”။ လူငယ်က အဖေကို ကြည့်တယ်။ နောက်တစ်ကြိမ်ထပ်ကြိုးစားမယ်ဆိုတဲ့သဘောနဲ ကျောက်တုံးကို အင်အားထည့်ကာ “အင့် ...အဲ့.....လို့ အသံထွက်တဲ့အထိထပ် မ တယ်။ မရွေ့ဘူး။ ကျောက်တုံးမရွေ့ဘူး။ “မင်းခွန်အား အားလုံးကိုသုံးပြီပြီလား”လို့ ထပ်မေးတယ်။ “မရဘူး ဖေဖေ ကျွန်တော်အစွမ်းကုန်ကြိုးစားတာပဲ” “မင်းအစွမ်းကုန် မကြိုးစားရသေးဘူးလေ ၊ မင်း အဖေ့ကို ဘာလို့အကူအညီ မတောင်းရသေးတာလဲ”တဲ့။ သားလေးကို ဖခင်ကကူညီလိုက်တော့ ကျောက်တုံးရွေ့သွားတယ်။ လူတွေဟာ ဒီလိုပဲ လောကကို တည်ဆောက်တယ်။ စဉ်းစားပါ။ ဆင်ခြင်ပါ။ မာနတွေမထားပါနဲ။ လူတွေရဲ့ အင်အားဟာ ဘာလဲ ? တစ်ယောက်တည်းလား ? မြောက်မြားစွာ စုပေါင်းထားတာလား ?
ဒေါက်တာ ခင်မောင်ညို မဟေသီမဂ္ဂဇင်း ၂၀၁၀ အမှတ်၃၀၇ မှ ပြန်လည်တင်ပြပါသည်။
.ဓမ္မဝေဒဂူ

Wednesday, July 7, 2010

သတိရပါတယ်


သတိရပါတယ်
ကမ္ဘာသုံးဝေါဟာရနဲ့ပြောရင်
1979နှစ်ကပေါ့
မြန်မာလို တွက်ကြည့်ရင်တော့
၁၃၄၁-ခုတဲ့
အဲဒီအချိန် အဲဒီကာလလွန်တစ်ခုဆီက
လောကမျက်နှာက်စာထဲကို
တံခါးမခေါက်ဘဲ ၀င်လာခဲ့မိတယ်။
အဖေက ငါ့လက်ကို ဆွဲရင်း
အမေက လောကကြီးကို
ပြခဲ့တယ်၊
ဒါပေမယ့် ငါ့အတွက်တော့
သူတို့ဟာ တစ်စိမ်းဆန်နေသလိုပါပဲ
၉-လလောက် အကျဉ်းကျနေသူတစ်ယောက်ကို
သူတို့က အပြုံးမျက်နှာကိုယ်စီနဲ့
ကြိုဆိုခဲ့ကြတယ်။
ငါ သတိရပါတယ်။
2

မနက်ဖန်တောင်
ဘာမှန်းမသိတတ်တဲ့ အချိန်မှာ
ငါ့ဘ၀ရဲ့ အနာဂတ်တွေကို
သူတို့ အမျိုးမျိုး
ပုံဖော်နေကြပြန်တယ်၊
ရွာဦးထိပ်က အကိုးကွယ်ခံ
ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မတဲ့၊
အဖေ့အရိုက်အရာကို
ဆက်ခံမည့်သူတဲ့၊
ဘယ်သူနဲ့တူတယ်
ဘယ်ဝါနဲ့တူတယ်ဆိုတဲ့
အတူပြုခံ ဝေါဟာရတွေကြားထဲမှာ
ငါ နားမလည်စွာ
ငေးကြည့်နေမိတယ်၊
ငါ သတိရပါတယ်၊
3

ဒီအချိန်က
``အူဝဲ´´ဆိုတဲ့
စကားလုံးလေးတစ်ခုနဲ့ပဲ
အရာအားလုံး ပြည့်စုံနေပါပြီ၊
ဂုဏ်တွေ ငွေတွေ မလိုပါဘူး
အလှတွေ ဘ၀တွေ မလိုပါဘူး၊
ပကာသနတွေ ဟန်ပန်တွေ မလိုပါဘူး၊
အချစ်တွေ အမုန်းတွေ မလိုပါဘူး၊
ဘယ်သူတွေ ဘာတွေဖြစ်ဖြစ်
ဘယ်သူတွေ ဘာပြောပြော
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွေ
ငါ နားမထောင်တတ်ဘူး၊
ငါ့အတွက်တော့
အချိန်များများ အိပ်စက်ဖို့ပါပဲ၊
နိုးလာတာနဲ့
ငါ ရွတ်ဆိုနေကြ
``အူဝဲ အ၀ဲ´´ဆိုတဲ့
စားသားတစ်ချို့ကို
စည်းချက်ညီညီ သီဆိုနေဖို့ပါပဲ၊
ငါ သတိရပါတယ်။
4

ငါ့ရင်ထဲက ပုံဏားလေးက
ဟောစတမ်းထုတ်တယ်၊
မင်းအသက်ကြီးရင်
လူကြီးဖြစ်လတံ့တဲ့၊
မိန်းမရရင် အိမ်ထောင်ကျလိမ့်မတဲ့၊
သင်္ကန်းဝတ်ရင် ဘုန်းကြီး ဖြစ်လတံ့တဲ့၊
ရောဂါ ရတဲ့နေ့ဟာ
မကျန်းမာတဲ့နေ့တဲ့၊
ပက်ဆံရှိရင် ဂဏာမငြိမ်လတံ့တဲ့၊
ပက်ဆံမရှိရင် ဆင်းရဲလိမ့်မတဲ့၊
ချမ်းသာရင် ဆွေမျိုးပေါလတံ့တဲ့။
အော် သွေးထွက်အောင်
မှန်လိုက်တာလို့
ကောက်ချက်ချမိတယ်။
ငါ သတိရပါတယ်။
5

အရည်တစ်ချို့ကို သောက်မျိုပြီးတော့
အူဝဲ-ဆိုတဲ့ စကားလုံးလေးအပြင်
သူတို့ကို အပြုံးလေးနဲ့
ငါ နှုတ်ဆက်တတ်လာတယ်၊
စကားလုံးတွေကို
အတော်များများ စုမိဆောင်းမိ လာတဲ့အခါ
အဲဒီ စကားလုံးတွေနဲ့
ငါ တစ်ဖန် ပြန် တိုက်ခိုက်တော့တာပဲ၊
ဒီတော့ သူတို့က ပြောကြတယ်၊
ငတတ်လေးတဲ့
ငါ သတိရပါတယ်၊
6

အချိန်များစွာ အိပ်စက်ပြီးတော့
မသိစိတ်တို့ နိုးထလာတဲ့အခါ
ငါ့ခြေတွေ လက်တွေကို
အငြိမ်မထားချင်တော့ဘူး၊
အမြဲတမ်း ပက်လက်နေရတဲ့ ဘ၀ကိုလဲ
ငါ မနှစ်မြို့ဘူး၊
ဘယ်ဘက်ကနေ ညာဘက်ကိုလဲ
ပြောင်းကြည့်ချင်တယ်၊
ပက်လက်ကနေလဲ မှောက်ရပ်လေး
နေကြည့်လိုက်ချင်တယ်၊
သူတို့ထားသလို နေရတာ
ငါ့ဘ၀ ကျဉ်းကြပ်လွန်းပါတယ်၊
တစ်ခါ တစ်ခါ ငါ့ခြေထောက်တွေနဲ့
သူတို့ မျက်နှာတွေကို
ကန်ကျောက်ပစ်လိုက်တယ်၊
ဒီတော့ သူတို့က
ငါ့ ကို တံဆိပ်တစ်ခု
ထပ်နှိပ်ပေးပြန်တယ်၊
ငကဲလေးတဲ့
ဘယ်တက်ကသိုလ်မှ မတတ်ဘဲ
ငါ ငယ်ငယ်က ရခဲ့တဲ့
ဘွဲ့နှစ်ခု
ငါ ကျေနပ်စွာ ခံယူပါတယ်။
ငါ သတိရပါတယ်။

7
မကြာခဏ ဆိုသလို စကားလုံးတွေနဲ့
ငါတုံ့ပြန်တတ်လာတဲ့အခါ
အပေါင်းအသင်းတွေနဲ့
မြေပြင်ပေါ်မှာ အဖော်ပြုပါ
များလာတဲ့အခါ
သစ်ပင်တွေပေါ်တက်ပြိး
လက်လှမ်းမှီရာ လောကကြီးကို
မကြာခဏ
မျှော်ကြည့်တတ်လာတဲ့အခါ
ကျောက်ခဲလေးတွေနဲ့
တွေ့ကရာကို
လက်တည့်စမ်းချင်လာတဲ့အခါ
အမေက ငါ့ လက်ကို ဆွဲပြီး
ဆွမ်းတစ်အုပ်နဲ့
ရွာဦးထိပ်မှာ
အခန့်သာထိုင်နေလေ့ရှိတဲ့
ပုဂ္ဂိုလ်တစ်ဦးထံ
ပို့ဆောင်ပေးခဲ့တယ်၊
ငါ သတိရပါတယ်။

8
ငါ နေခဲ့တဲ့ အရင်နေရာနဲ့ စာရင်
ဒီနေရာဟာ
အတော်လေး ကျယ်ဝန်းနေပါတယ်
မျက်နှာအသွင်အပြင် မျိုးစုံနဲ့
မျက်နှာစိမ်းတွေကြားထဲမှာ
မျက်စိသူငယ် နားသူငယ်နဲ့
ခပ်ကြောင်ကြောင်
ဖြစ်ခဲ့ရတယ်၊
သူတို့ကလဲ ငါ့ကို
ခပ်စိမ်းစိမ်းပဲ
ကြည့်နေကြတယ်၊
ငါကလဲသူတို့နဲ့
စကားပြောရမှာ
အင်တင်တင် ဖြစ်နေမိတယ်၊
နောက်တော့လဲ ရေနဲ့ နို့လို
ရောသွားမယ်ဆိုတာ
ငါကြိုမသိခဲ့ဘူး
ငါ သတိရပါတယ်။

9
လောကရဲ့
စာမျက်နှာတွေကို ဖတ်ဖို့
ငါ ပထမဆုံး လက်နဲ့
ရေးခြစ်ရတာက
ကောင်းကင်ပေါ်က
လမင်းကြီးအကြောင်းရယ်၊
မိုးပေါ်က အသူရိန်
နေမင်းကြီးအကြောင်းရယ်၊
ဘာမှ မပါတဲ့
ရွှေလင်ပန်းအိုကြီး တစ်ချပ်အကြောင်းရယ်၊
မကြာခဏ
ငါတက်စီးလေ့ရှိတဲ့
လှည်းဘီးအိုကြီး အကြောင်းရယ်၊
အဲဒါတွေကို
ငါ ထပ်ခါထပ်ခါ
ရေးခြစ်ခဲ့ရတယ်၊
ငါ သတိရပါတယ်။.
ဓမ္မဝေဒဂူ

သူငယ်ချင်း Vijjodaya ၏
ကဗျာလေးကို မိမိမွေးနေ့
အမှတ်တရ ပြန်လည်ဖော်ပြပါသည်။

ခေတ်ပညာ

ခေတ်ပညာ
ဘေးဘိုးစဉ်လာ၊ ကိုင်းလယ်ယာနှင့်။
ဘာသာစရိုက်၊ မပျော်ပိုက်ဘဲ။
ခေတ်လိုက်ပညာ၊ ဆည်းပူးရာဝယ်။
အာသာမ၀၊ တောင်းတတနှင့်။
ဒုက္ခမျှခေါ်၊ စိတ်မပျော်သည်။
ကျွန်တော်မှားသည် ဆိုအံ့လော။ ။

အများနည်းတူ၊ သားရွှေအူသည်။
မည်းဖြူခွဲဝေ၊ သိတို့စေဟု။
ရှာလေပညာ၊ လွှတ်လေရာတွင်။
ပညာတော်သင့်၊ ရပေမင့်လည်း။
စိတ်မှာဗျာဝေ၊ ညှိုးလျှချေသည်။
မွေးမေမှားသည်၊ ဆိုအံ့လော။ ။

ရွှေအိုးပညာ၊ ပိုင်လေပါမှ။
ချမ်းသာကြွယ်ဝ၊ သက်လုံးလှဟု။
မွေးဖလွှတ်ပေ၊ ပညာဖွေသည်။
မဖြေချင်ရဲ၊ ပညာကဲ၍။
ရှေးနည်းမတူ၊ မြင့်ကိုချူသော်။
တံချူတိုလှ၊ ဆင်းရဲရသည်။
မွေးဖမှားသည်၊ ဆိုအံ့လော။ ။
(ဆရာမင်းသုဝဏ်)
.ဓမ္မဝေဒဂူ

Monday, July 5, 2010


နှလုံးသားထဲမှာ မြဲမြံစွာ ဆောင်ယူထိုက်သော တရား (၅)ပါး
၁။ ပညာငါးပါး
၂။ ဂုဏ်ရှစ်ပါး
၃။ တော်ဖြောင့်ခြင်းခြောက်ပါး
၎။ စဉ်းလဲခြင်းသုံးပါး
၅။ ပြက်ရာသည်ကိုးပါး
.ဓမ္မဝေဒဂူ
ပညာငါးပါးဟူသည်
၁။ စစ်အမှု၌ လိမ္မာခြင်းပညာလည်းတပါး။ (စစ်အတတ်ပညာ ကျွမ်းကျင်တတ်မြောက်ခြင်း)
၂။ တရားစီရင်ဆုံဖြတ်ခြင်း၌ လိမ္မာခြင်းပညာလည်းတပါး။
၃။ နိမိတ်တဘောင်စသည်တို့၌ လိမ္မာသောပညာလည်းတပါး။ (ယခုခေတ်၌ သတင်းနှင့် နည်းပညာကို ဆိုလိုဟန်ရှိသည်)
၎။ ရှေး၌ဖြစ်ဖူးသော စကားဟောင်း၊ မင်းစဉ်မင်းဆက်အကြောင်းအရာတို့၌ လိမ္မာသောပညာလည်းတပါး၊
( သမိုင်းပညာရပ်)
၅။ ဆင်စီးခြင်း မြင်းစီးခြင်း အရာတို့၌ လိမ္မာသော ပညာလည်းတပါး။( ယခုခေတ် ယဉ်မောင်းအတတ်ပညာ )
ဤသည်လျှင် လိမ္မာခြင်းနှင့်ပြည့်စုံရာသော ပညာအပြားငါးပါးတည်း။
မြန်မာစာ ညွန့်ပေါင်းကျမ်း (ပ၊၂၆၁)
ဆက်လက်ဖော်ပြပါမည်။

Sunday, July 4, 2010

သာသနာ့အလံ တီထွင်သူ အမှန်


သာသနာ့အလံ တီထွင်သူ အမှန် ဓမ္မဝေဒဂူ
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
တီထွင်သူ အစစ်
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)
ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။
အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီးအိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ

သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ

1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊

အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊
အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
သာသနာ့အလံ
သာသနာ့အလံအရောင် နဲ့ပတ်သတ်လို့ ဓမ္မစေတီဆရာတော်က မှတ်သားရ လွယ်ကူအောင် လင်္ကာနဲ့ ဟောကြားခဲ့ပါတယ်။
ခြောက်ရောင် ကွန့်မြူး၊ တင့်ထူးပေဟန်၊
သာသနာ့အလံ၏၊ ဓိပ္ပါရံကို၊ ဖွင့်ဆိုရန်မှာ၊
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊
နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင် လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။

အရောင်များ
အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။
ပြာသောရောင်ခြည်(နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။
ဝါသောရောင်ခြည် (ပီတ) = အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။
နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။
ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊
လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။
အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးနဲ့တွေ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။
သာသနာ့ အလံနှင့် ပတ်သတ်လို့ ယခုလောက်သိခွင့်ရကြရင် ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ။
သာသနာကို စောင့်ရှောက်နိုင်တဲ့ သူတောင်ကောင်းများ ဖြစ်ကြပါစေ…

ကျနော်ချစ်တဲ့ ကချေသည်ကလေး



ကျနော်ချစ်တဲ့ ကချေသည်ကလေး
အောင်ဒင်
ဇွန် ၁၉၊ ၂၀၁၀
(ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ်ပြည့်မွေးနေ့ အမှတ်တရ)

(၁)
မိတ်ဆွေ နိုင်ငံခြားသား တစ်ယောက်ကပြောတယ်
"မင်းတို့ မြန်မာနိုင်ငံ မြေပုံကလေ
ကချေသည်မလေးတစ်ယောက်
လက်နှစ်ဖက်ဆန့်တန်း
ခြေတစ်ချောင်းကွေးပြီး မခို့တရို့ရပ်နေသလို" တဲ့၊
သူက ချစ်စနိုးနဲ့ပြောတာပါ
ကျနော့အဖို့မှာတော့
ဒီမြေပုံကလေးဟာ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အခန့်ငြားဆုံး၊
အတောက်ပဆုံး နဲ့ အချစ်ရဆုံးပေါ့၊
(၂)
ကလေးဘဝ
ကျောက်သင်ပုန်း နဲ့ ကျောက်တံကိုင်ခွင့်ရတဲ့ အချိန်ကစလို့
ဒီမြေပုံကလေးကို အလွတ်ရေးဆွဲနိုင်ဖို့
အကြိမ်ကြိမ် အထပ်ထပ်ကြိုးစားခဲ့တာ
ဆရာမ ချီးကျူးခံရဖို့မဟုတ်ဘူး
စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ မဟုတ်ဘူး၊
မှတ်မိသေးတယ်
အလျားတို၊ အနံရှည် စတုဂံဘောင်ကွက်ထဲမှာ
လတ္တီကျု၊ လောင်ဂျီကျုမျဉ်းတွေချ
အတွန့်အကောက် အကွေးတွေနဲ့
မြောက်ဖက်မှာ တရုတ်ပြည်နဲ့ထိစပ်တဲ့နယ်နမိတ်
အရှေ့ဖက်မှာ မှာ လာအို၊ ထိုင်းနိုင်ငံနဲ့ဆက်စပ်တဲ့မျဉ်းများ
အနောက်ဖက်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှှ်နိုင်ငံများနဲ့ စည်းခြား
အနောက်တောင်တပိုင်းလုံးမှာတော့ အပြာရောင်ပါးပါး
ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်က ရေများ
ကျနော့မြေပုံကလေး ရုပ်လုံးပေါ်လာပါပြီ၊
ပြီးတော့
ရှည်လျားလျား မျဉ်းကောက်ကြောင်းနဲ့
ဧရာဝတီ ကိုရေးဖြည့်
သံလွင်ကိုရေးဖြည့်
စစ်တောင်းကို ရေးဖြည့်
ချင်းတွင်းကိုရေးဖြည့်
ဒီမြစ်ကြီးတွေနဲ့ မြန်မာပြည်သူတို့ဘဝတွေ တည်ဆောက်ခဲ့ကြတာပါ၊
ဟောဒီမှာ
လွမ်းမောဘွယ် ရှမ်းတောင်တန်းကြီးတွေ
ဒီမှာ ပဲခူးရိုးမ၊ ဒီမှာ အနောက်ရိုးမ
ဒီမှာ မူးမြစ်ဝှမ်းလွင်ပြင်
ဒီမှာ ချင်းတောင်တန်းများ
မြောက်ဖျား ကချင်ပြည်နယ်က ရေခဲဖုန်းနှင်းတောင်ကြီးတွေ
အမြဲစိမ်းသစ်တောကြီးတွေ
ရှေးဟောင်းမြို့တော်တွေ၊ သတ္တုတွင်းတွေ၊
ရတနာမြေတွေ၊စေတီ ပုထိုးတွေ၊
အရာအားလုံး လှပနေတဲ့မြေ၊
(၃)
အခုတော့လဲ
အမြဲစိမ်းသစ်တောကြီးတွေ မရှိကြတော့
သက်တမ်းရာကျော်ကျွန်းပင်ကြီးတွေ
တရုတ်တွေက ခုတ်လှဲသယ်ဆောင်သွားကြ
ကျောက်စိမ်းနဲ့ အဖိုးတန် သယံဇာတတွေလဲ
တရုတ် နဲ့ ထိုင်းနိုင်ငံထဲ မပြန်ခရီးထွက်ကြ၊
မြန်မာနိုင်ငံက ရောင်းချတဲ့ သဘာဝဓာတ်ငွေ့တွေက
ယူနန် နဲ့ ဘန်ကောက်ကို အလင်းရောင်ပေးနေပြီး
ဗိုလ်ချုပ်တွေက မြေအောက်မြို့တော်ထဲ ဇိမ်ခံနေချိန်
မြန်မာပြည်သူတွေကတော့
အမှောင်ထုထဲမှာ တက်ခေါက်နေကြ၊
အဖက်ဖက်က ဝိုင်းရံတည်ဆောက်ထားတဲ့
အရုတ်ဆိုးဆိုး ရေကာတာတွေက
ရွာတွေကိုရွှေ့ပြောင်းပစ်
သစ်တောတွေကို ဖျက်ဆီးပစ်
မြစ်တွေရဲ့ ရေစီးကို လည်ပင်းညှစ်ခဲ့
ရှေးဟောင်းမြို့တော်ကြီးကတော့
နှစ်ဆယ့်တစ်ရာစု ဒီဇိုင်းအသစ်နဲ့
အလိုမတူပဲ မိတ်ကပ်ချယ်သခံခဲ့ရ၊
ရိုးမကြီးတွေ တောင်ကတုံးဖြစ်
လွင်ပြင်ကြီးတွေက သဲကန္တာရ ဘဝကိုပြောင်း
အင်းလေးကန်ကြီးထဲမှာ ရေမရှိတော့
တောင်ဇလတ်ပန်းတွေ မပွင့်ကြတော့
ဘိန်းပင်တွေကတော့ ပေါသထက်ပေါ
အနာဂတ်ဖျက်ဆီးခံရသူများရဲ့ ဘဝအမော
အိပ်မက်ဆိုးတွေကို ပြန်မပြောချင်ကြတော့၊
(၄)
ဘယ်လိုပဲဖြစ်ဖြစ်
ကျနော့မြေပုံကလေးကို ကျနော်ချစ်နေတုံးပါပဲ၊
လက်နှစ်ဖက်ဆန့်တန်းပြီး ခြေတစ်ချောင်းကွေးရပ်နေတဲ့
ကချေသည်မကလေးကို ကျနော်ချစ်နေတုံးပါပဲ။
အို၊ မေမေ
မြန်မာနိုင်ငံမြေပုံကလေးကို
နဂိုအလှမပျက် ပြန်လည်ရေးဆွဲနိုင်ဖို့
ကျနော့မှာ အင်အားရှိပါရစေ။ ။

မိခင်နှောင်ကြိုးကို ဖြေပါအံ့

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့ …
သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏ လုံ့လဝီရိယဖြင့် နာလန်ထူပါစေအံ့ …
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ …

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ် …

တဘဝတွင် တခါသာ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား …

သမီး၏ စိတ်ကူးတို့
အကယ်အဖြစ်သို့ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည် …

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု …

မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျူးရင်သံကိုသာ တောင့်တပါ၏ …

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏ ။ ။

ရေးသူ။ ။ ဒေါ်အောင်ဆန်းစုကြည်
မျှဝေသော design Komyoအားကျေးဇူးတင်ရှိပါသည်။