Wednesday, July 7, 2010

သတိရပါတယ်


သတိရပါတယ်
ကမ္ဘာသုံးဝေါဟာရနဲ့ပြောရင်
1979နှစ်ကပေါ့
မြန်မာလို တွက်ကြည့်ရင်တော့
၁၃၄၁-ခုတဲ့
အဲဒီအချိန် အဲဒီကာလလွန်တစ်ခုဆီက
လောကမျက်နှာက်စာထဲကို
တံခါးမခေါက်ဘဲ ၀င်လာခဲ့မိတယ်။
အဖေက ငါ့လက်ကို ဆွဲရင်း
အမေက လောကကြီးကို
ပြခဲ့တယ်၊
ဒါပေမယ့် ငါ့အတွက်တော့
သူတို့ဟာ တစ်စိမ်းဆန်နေသလိုပါပဲ
၉-လလောက် အကျဉ်းကျနေသူတစ်ယောက်ကို
သူတို့က အပြုံးမျက်နှာကိုယ်စီနဲ့
ကြိုဆိုခဲ့ကြတယ်။
ငါ သတိရပါတယ်။
2

မနက်ဖန်တောင်
ဘာမှန်းမသိတတ်တဲ့ အချိန်မှာ
ငါ့ဘ၀ရဲ့ အနာဂတ်တွေကို
သူတို့ အမျိုးမျိုး
ပုံဖော်နေကြပြန်တယ်၊
ရွာဦးထိပ်က အကိုးကွယ်ခံ
ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မတဲ့၊
အဖေ့အရိုက်အရာကို
ဆက်ခံမည့်သူတဲ့၊
ဘယ်သူနဲ့တူတယ်
ဘယ်ဝါနဲ့တူတယ်ဆိုတဲ့
အတူပြုခံ ဝေါဟာရတွေကြားထဲမှာ
ငါ နားမလည်စွာ
ငေးကြည့်နေမိတယ်၊
ငါ သတိရပါတယ်၊
3

ဒီအချိန်က
``အူဝဲ´´ဆိုတဲ့
စကားလုံးလေးတစ်ခုနဲ့ပဲ
အရာအားလုံး ပြည့်စုံနေပါပြီ၊
ဂုဏ်တွေ ငွေတွေ မလိုပါဘူး
အလှတွေ ဘ၀တွေ မလိုပါဘူး၊
ပကာသနတွေ ဟန်ပန်တွေ မလိုပါဘူး၊
အချစ်တွေ အမုန်းတွေ မလိုပါဘူး၊
ဘယ်သူတွေ ဘာတွေဖြစ်ဖြစ်
ဘယ်သူတွေ ဘာပြောပြော
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွေ
ငါ နားမထောင်တတ်ဘူး၊
ငါ့အတွက်တော့
အချိန်များများ အိပ်စက်ဖို့ပါပဲ၊
နိုးလာတာနဲ့
ငါ ရွတ်ဆိုနေကြ
``အူဝဲ အ၀ဲ´´ဆိုတဲ့
စားသားတစ်ချို့ကို
စည်းချက်ညီညီ သီဆိုနေဖို့ပါပဲ၊
ငါ သတိရပါတယ်။
4

ငါ့ရင်ထဲက ပုံဏားလေးက
ဟောစတမ်းထုတ်တယ်၊
မင်းအသက်ကြီးရင်
လူကြီးဖြစ်လတံ့တဲ့၊
မိန်းမရရင် အိမ်ထောင်ကျလိမ့်မတဲ့၊
သင်္ကန်းဝတ်ရင် ဘုန်းကြီး ဖြစ်လတံ့တဲ့၊
ရောဂါ ရတဲ့နေ့ဟာ
မကျန်းမာတဲ့နေ့တဲ့၊
ပက်ဆံရှိရင် ဂဏာမငြိမ်လတံ့တဲ့၊
ပက်ဆံမရှိရင် ဆင်းရဲလိမ့်မတဲ့၊
ချမ်းသာရင် ဆွေမျိုးပေါလတံ့တဲ့။
အော် သွေးထွက်အောင်
မှန်လိုက်တာလို့
ကောက်ချက်ချမိတယ်။
ငါ သတိရပါတယ်။
5

အရည်တစ်ချို့ကို သောက်မျိုပြီးတော့
အူဝဲ-ဆိုတဲ့ စကားလုံးလေးအပြင်
သူတို့ကို အပြုံးလေးနဲ့
ငါ နှုတ်ဆက်တတ်လာတယ်၊
စကားလုံးတွေကို
အတော်များများ စုမိဆောင်းမိ လာတဲ့အခါ
အဲဒီ စကားလုံးတွေနဲ့
ငါ တစ်ဖန် ပြန် တိုက်ခိုက်တော့တာပဲ၊
ဒီတော့ သူတို့က ပြောကြတယ်၊
ငတတ်လေးတဲ့
ငါ သတိရပါတယ်၊
6

အချိန်များစွာ အိပ်စက်ပြီးတော့
မသိစိတ်တို့ နိုးထလာတဲ့အခါ
ငါ့ခြေတွေ လက်တွေကို
အငြိမ်မထားချင်တော့ဘူး၊
အမြဲတမ်း ပက်လက်နေရတဲ့ ဘ၀ကိုလဲ
ငါ မနှစ်မြို့ဘူး၊
ဘယ်ဘက်ကနေ ညာဘက်ကိုလဲ
ပြောင်းကြည့်ချင်တယ်၊
ပက်လက်ကနေလဲ မှောက်ရပ်လေး
နေကြည့်လိုက်ချင်တယ်၊
သူတို့ထားသလို နေရတာ
ငါ့ဘ၀ ကျဉ်းကြပ်လွန်းပါတယ်၊
တစ်ခါ တစ်ခါ ငါ့ခြေထောက်တွေနဲ့
သူတို့ မျက်နှာတွေကို
ကန်ကျောက်ပစ်လိုက်တယ်၊
ဒီတော့ သူတို့က
ငါ့ ကို တံဆိပ်တစ်ခု
ထပ်နှိပ်ပေးပြန်တယ်၊
ငကဲလေးတဲ့
ဘယ်တက်ကသိုလ်မှ မတတ်ဘဲ
ငါ ငယ်ငယ်က ရခဲ့တဲ့
ဘွဲ့နှစ်ခု
ငါ ကျေနပ်စွာ ခံယူပါတယ်။
ငါ သတိရပါတယ်။

7
မကြာခဏ ဆိုသလို စကားလုံးတွေနဲ့
ငါတုံ့ပြန်တတ်လာတဲ့အခါ
အပေါင်းအသင်းတွေနဲ့
မြေပြင်ပေါ်မှာ အဖော်ပြုပါ
များလာတဲ့အခါ
သစ်ပင်တွေပေါ်တက်ပြိး
လက်လှမ်းမှီရာ လောကကြီးကို
မကြာခဏ
မျှော်ကြည့်တတ်လာတဲ့အခါ
ကျောက်ခဲလေးတွေနဲ့
တွေ့ကရာကို
လက်တည့်စမ်းချင်လာတဲ့အခါ
အမေက ငါ့ လက်ကို ဆွဲပြီး
ဆွမ်းတစ်အုပ်နဲ့
ရွာဦးထိပ်မှာ
အခန့်သာထိုင်နေလေ့ရှိတဲ့
ပုဂ္ဂိုလ်တစ်ဦးထံ
ပို့ဆောင်ပေးခဲ့တယ်၊
ငါ သတိရပါတယ်။

8
ငါ နေခဲ့တဲ့ အရင်နေရာနဲ့ စာရင်
ဒီနေရာဟာ
အတော်လေး ကျယ်ဝန်းနေပါတယ်
မျက်နှာအသွင်အပြင် မျိုးစုံနဲ့
မျက်နှာစိမ်းတွေကြားထဲမှာ
မျက်စိသူငယ် နားသူငယ်နဲ့
ခပ်ကြောင်ကြောင်
ဖြစ်ခဲ့ရတယ်၊
သူတို့ကလဲ ငါ့ကို
ခပ်စိမ်းစိမ်းပဲ
ကြည့်နေကြတယ်၊
ငါကလဲသူတို့နဲ့
စကားပြောရမှာ
အင်တင်တင် ဖြစ်နေမိတယ်၊
နောက်တော့လဲ ရေနဲ့ နို့လို
ရောသွားမယ်ဆိုတာ
ငါကြိုမသိခဲ့ဘူး
ငါ သတိရပါတယ်။

9
လောကရဲ့
စာမျက်နှာတွေကို ဖတ်ဖို့
ငါ ပထမဆုံး လက်နဲ့
ရေးခြစ်ရတာက
ကောင်းကင်ပေါ်က
လမင်းကြီးအကြောင်းရယ်၊
မိုးပေါ်က အသူရိန်
နေမင်းကြီးအကြောင်းရယ်၊
ဘာမှ မပါတဲ့
ရွှေလင်ပန်းအိုကြီး တစ်ချပ်အကြောင်းရယ်၊
မကြာခဏ
ငါတက်စီးလေ့ရှိတဲ့
လှည်းဘီးအိုကြီး အကြောင်းရယ်၊
အဲဒါတွေကို
ငါ ထပ်ခါထပ်ခါ
ရေးခြစ်ခဲ့ရတယ်၊
ငါ သတိရပါတယ်။.
ဓမ္မဝေဒဂူ

သူငယ်ချင်း Vijjodaya ၏
ကဗျာလေးကို မိမိမွေးနေ့
အမှတ်တရ ပြန်လည်ဖော်ပြပါသည်။

No comments:

Post a Comment